burmesisk
နဂါးရုံ လိုဏ်ဂူဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင်ကျန်စစ်သားမင်း(၁၀၈၄-၁၁၁၃)၏ ခေတ်ဦးပိုင်း ကောင်းမှုကုသိုလ် ဖြစ်သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၎င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။ စေတီပုထိုးအမှတ်မှာ ၁၁၉၂/၅၃၀ ဖြစ်သည်။
